Friday, December 30, 2011

လမ်းခွဲပြီး သူကို ဘယ်လိုမေ.အောင်လုပ်မလဲ........


ချစ်သူ၊ ခင်ပွန်း၊ ဇနီးဆိုတာဟာ အရင်းနှီးဆုံး သူစိမ်းတွေလို့ ဆိုလေ့ရှိကြပါတယ်။ ဘာလို့လဲဆိုတော့ တစ်ဦးနဲ့ တစ်ဦး ပတ်သက်ဆက်နွယ်မှု ရှိနေတဲ့အချိန်မှာတော့ အရမ်းကို ရင်းနှီးကြတာဟာ ဆွေမျိုးရင်းချာတွေ ထက်တောင် သာလွန်တဲ့ ဆက်ဆံရေးမျိုးပါပဲ။ နှစ်ဦးကြားမှာ ဘယ်လိုအနှောင့်အယှက်မျိုး၊ ဘယ်လို ကြားခံမှုမျိုးမှ အဝင်မခံဘဲကို ချစ်ကြ၊ နားလည်တတ်ကြပါတယ်။ အကြောင်းတစ်ခုခုကြောင့် တစ်ယောက်နဲ့ တစ်ယောက် ကွဲသွားကြပြီဆိုရင်တော့ သူစိမ်းတွေ ဖြစ်သွားပါတော့တယ်။ သားသမီးတွေ ဆိုရင်တောင် သွေးသား တော်စပ်မှုတွေ ရှိနေပါသေးတယ်။ ချစ်သူ၊ ခင်ပွန်း၊ ဇနီးဆိုတာကတော့ သူစိမ်းတွေလို ဖြစ်သွားပါတော့တယ်။ တစ်ဦးနဲ့ တစ်ဦး ဘယ်လိုအကြောင်းတွေကြောင့်ပဲ လမ်းခွဲကြပါစေ၊ အတိတ်က သတိရစရာ အကြောင်းအရာလေးတွေတော့ ရှိနေတတ်ကြစမြဲပါ။ နာကျည်းမှု၊ မုန်းတီးမှုတွေကြောင့် အားလုံးကို မေ့ပစ်လိုက်ပြီဆိုရင်တောင် ဒါဟာ သိစိတ်က ပြုလုပ်နေတဲ့ လုပ်ဆောင်မှု တစ်ခုပါ။ မသိစိတ်ကတော့ ဘယ်လိုမှ ဖျောက်ဖျက်လို့ ရမှာ မဟုတ်ပါဘူး။ အထူးသဖြင့် တိုက်ဆိုက်တဲ့ အကြောင်းအရာတစ်စုံတစ်ခု ကြုံလာခဲ့ရင်ပေါ့။
တစ်ဦးနဲ့ တစ်ဦး ပြန်လည် ပေါင်းသင်းလို့ရမယ့် အခြေအနေမျိုးမှာ ကိုယ်ချစ်ရသူကို သတိရနေတာ၊ လွမ်းဆွတ်တမ်းတနေတာဟာ ဖြစ်သင့်တဲ့ အကြောင်းပြချက် ဖြစ်နိုင်ပေမယ့် ဘယ်လိုမှ ပေါင်းစပ်လို့ မရတော့တဲ့ အခြေအနေမျိုးမှာ ဆိုရင်တော့ ကြိုးစားမေ့ပျောက်ပစ်ရတော့မှာပါ။ စိတ်ခံစားမှုရဲ့ အခြေအနေပေါ်ကိုလိုက်ပြီး လူတွေရဲ့ စိတ်ဟာ ထိန်းချုပ်ဖို့ ခက်ခဲတတ်ကြသလို၊ တချို့တွေကလည်း ကိုယ့်ခံစားမှုကို ဘယ်သူ့ကိုမှ မပြဘဲ ထိန်းချုပ်ပြီးနေတတ်ကြပါတယ်။ လူတစ်ယောက်ကို လွမ်းဆွတ်တမ်းတ သတိရနေတာဟာ အချိန်တွေကြာလမယ်ဆိုရင်တော့ စိတ်ရောဂါတစ်ခုအသွင်ကို ပြောင်းလဲသွားနိုင်ပါတယ်။ စိတ်အလိုမကျမှုတွေ၊ စိတ်ဖိစီးမှုတွေနဲ့အတူ တချို့ဆိုရင် ဘာရောဂါမှ မည်မည်ရရ မရှိဘဲ နေထိုင်မကောင်းတဲ့ ဝေဒနာလိုမျိုးတွေ ခံစားနေကြရတတ်ပါတယ်။ ဒါတွေဟာ စိတ်ကြောင့် ဖြစ်တဲ့ ဝေဒနာတွေပါပဲ။ လူတိုင်း အကောင်းဆုံးကို မျှော်လင့်တတ်ကြသလို၊ ဘဝမှာ ကြုံဆုံလာရမယ့် ဆိုးရွားမှုတွေကိုလည်း ရင်ဆိုင်နိုင်ဖို့၊ ဖြေရှင်းနိုင်ဖို့ ပြင်ဆင်ထားဖို့တော့ လိုပါတယ်။ သင့်စိတ်ကို အကောင်းဆုံး အထောက်အကူ ဖြစ်စေမယ့် နည်းလမ်းတွေ ရှိနေပါတယ်။ ကိုယ့်စိတ်နဲ့ ကိုက်ညီမှုရှိတဲ့ နည်းလမ်းတွေကို ရွေးချယ်ပြီး ဖြေသိမ့်ကြည့်ပါ။
ကိုယ့်ဘက်က အကောင်းဆုံးဖြစ်နေဖို့တော့ လိုမယ်နော်
တစ်ချိန်က သူ ကိုယ့်အပေါ် ကောင်းခဲ့တာတွေကို ပြန်လည် ဝမ်းနည်းပူတွေးပြီး သတိရနေတတ်တာဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုပါ။ အထူးသဖြင့် ကိုယ့်ချစ်သူဟောင်းနဲ့အတူ ပျော်ရွှင်ခဲ့ရတဲ့ အကြောင်းအရာတွေကို တွေးတောလိုက်တိုင်း၊ ကိုယ့်အပေါ် ကောင်းခဲ့တာတွေကို သတိရမိတိုင်း မေ့ပျောက်ဖို့ ခက်ခဲနေတော့မှာပါ။ အချိန်တိုင်း ကိုယ့်အပေါ် ကောင်းခဲ့တယ်ဆိုရင် သင့်ဘက်ကလည်း သူ့အပေါ် ကောင်းခဲ့တာရှိမှာပါ။ လူတိုင်းက မပြည့်စုံနိုင်ဘူးဆိုတာကို သင်သိလာမယ်ဆိုရင်တော့ စိတ်ခံစားမှု ပေါ့သွားနိုင်ပါတယ်။
တစ်ယောက်တည်း ဖြစ်နေတဲ့ အခြေအနေကို လက်ခံနားလည်ပေးပါ
တစ်ယောက်တည်း အထီးကျန်လိုက်တာလို့ မတွေးပါနဲ့။ သူနဲ့မတွေ့ခင်က ပျော်ရွှင်ခဲ့ရတဲ့ ဖြူစင်ရှင်းသန့်ပြီး ခံစားချက်မဲ့တဲ့ အချိန်လေးတွေဟာ ဘယ်လောက် ပျော်စရာကောင်းတယ်ဆိုတာကို ပြန်တွေးကြည့်လိုက်ပါ။ ဒီအချိန်မှာ သင်သွားချင်တဲ့နေရာကို သွားချင်တဲ့အချိန် သွားလို့ရတဲ့ လွတ်လပ်မှု၊ ဘယ်သူ့ဖုန်းကိုမှ မျှော်စရာမလိုဘဲ၊ ဖုန်းပိတ်ထားရင်တောင် ပြဿနာရှာမယ့်သူ မရှိတဲ့ လွတ်လပ်မှုတွေကို သင်ရရှိနေတယ်ဆိုတာ မမေ့ပါနဲ့။ ဖုန်းထဲက Contact List, Email နဲ့ Facebook တွေကို ဖြတ်ပစ်လိုက်ပါ။ ဒါဆို ဘယ်လောက်တောင် စိတ်ခံစားမှု လျော့နည်းသွားတယ်ဆိုတာကို သင်ခံစားမိနိုင်ပါတယ်။
ခံစားမှုတွေ လျော့နည်းသွားစေမယ့် နည်းလမ်းတွေ ရှာပါ
လူတစ်ဦးနဲ့ တစ်ဦး ကွဲကွာသွားချိန်မှာ အမြဲတမ်းမဟုတ်ပေမယ့် တစ်ခါတလေမှာတော့ ပြင်းထန်တဲ့ သတိရမှုတွေနဲ့အတူ ဝမ်းနည်းကြေကွဲမှုတွေကို ခံစားရနိုင်ပါတယ်။ ဘယ်လိုပဲ ကြိုးစားမေ့ဖျောက်ပစ်ပေမယ့် အာရုံမှာ အမြဲတမ်းပေါ်နေတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ အကောင်းဆုံး ပြုလုပ်သင့်တာက စာအုပ်တစ်အုပ်ယူပြီး သင့်ခံစားချက်တွေကို ချရေးလိုက်ပါ။ လက်ရှိ သင်ဖြစ်နေတဲ့ သင့်ခံစားချက်၊ သင် ဖြစ်ချင်နေတဲ့ အကြောင်းအရာတွေနဲ့ သင်ဘာလုပ်မယ်ဆိုတာတွေအားလုံးကို ချရေးလိုက်ပါ။ စိတ်ထဲမှာ ပေါ့ပါးသွားပါလိမ့်မယ်။ နောက်ထပ် တစ်လလောက်ကြာချိန် သင်ရေးခဲ့တဲ့ စာတွေကို ပြန်ဖတ်မယ်ဆိုရင် ရယ်စရာ ကောင်းနေမှာပါ။
အက သင်တန်းကျောင်း၊ ယောဂကျင့်စဉ်လို သင်တန်းကျောင်း၊ အားကစားလေ့ကျင့်ရေး သင်တန်းကျောင်းတွေနဲ့ ဆက်သွယ်ပြီး သင်တန်းမှာ အချိန်ဖြုန်းပါ။ သူငယ်ချင်းတွေနဲ့အတူ ကခုန်တာမျိုး၊ သီချင်းဖွင့်ပြီး နားထောင်ကာ အော်ဟစ်ပစ်လိုက်တာမျိုးတွေ ပြုလုပ်ပြီး စိတ်ကို ဖြေလျှော့လိုက်ပါ။
သူ့မှာ အပြစ်တွေ ရှိနေတယ်ဆိုတာလည်း မေ့မထားပါနဲ့
သင့်စိတ်ထဲမှာ အမြဲတမ်း သင့်ချစ်သူကို အကောင်းမြင်နေတယ်ဆိုပါတော့။ သူ့မှာ ဘာအပြစ်မှ မရှိလောက်အောင်လည်း သင့်အပေါ် ကောင်းခဲ့တယ်ဆိုပါတော့။ ဒါဆိုရင် သင့်ဘက်ကနေ သူ့ကို မေ့ဖို့ တော်တော်ကို ခက်ခဲနေတော့မှာပါ။ ဒီအချိန်မှာ သင်တွေးဖို့က အခုလက်ရှိ သင့်ကို သူ့ဘက်က မချစ်တော့တာဟာ သင်တို့နှစ်ယောက် လမ်းခွဲဖို့ ဖန်တီးလာတဲ့ အဓိက အကြောင်းရင်း ဖြစ်နေပါပြီ။ ဒီတော့ အပြစ်မရှိပါဘူးလို့ သင့်ချစ်သူအပေါ် ထင်နေတဲ့ အမြင်တွေကို ပြောင်းပြီး မေ့နိုင်ဖို့ ကြိုးစားရမှာပါ။ လူတိုင်းကို ချစ်တယ်၊ မုန်းတယ်လို့ ပြောရတာ လွယ်ပေမယ့် စိတ်ထဲကနေ တကယ်ဖြစ်လာတဲ့ အချစ်၊ အမုန်းတွေကိုတော့ ဖန်တီးရတာ ခက်ခဲနေမှာပါ။ ဒီတော့ လွမ်းစရာကို နာစရာနဲ့ ဖြေရမှာပေါ့။
ဆုံးဖြတ်ချက်ကို ချက်ချင်း မချပါနဲ့ အချိန်ယူပါ
အပြီးအပိုင် လမ်းခွဲပြီးပြီဆိုပေမယ့် သင်က တယ်လီဖုန်းခလုတ်တွေကို နှိပ်မိချိန်၊ တစ်ယောက်တည်း အထီးကျန် ဝမ်းနည်းနေချိန်တွေမှာ ပြန်ပြီး ဆက်သွယ်ကောင်း ဆက်သွယ်မိနိုင်ပါတယ်။ သင့်ကို မချစ်လို့ လမ်းခွဲသွားတဲ့ သူတစ်ယောက်မှာ သင့်အတွက် စိတ်ကျေနပ်စရာ Reply ရှိမှာ မဟုတ်ပါဘူး။ ဒီတော့ သူ့ရဲ့ Reply ဟာ သင့်ကို ပိုပြီး နာကျင်စေမယ့်အပြင် ဝမ်းနည်းပူဆွေးမှုတွေလည်း ပိုလာစေမှာပါ။ ဒါကြောင့် စိတ်ထဲမှာ ဆက်သွယ်ချင်တဲ့ စိတ်ပေါ်လာရင်လည်း အတတ်နိုင်ဆုံး စဉ်းစားပြီး အချိန်ယူပါ။ ကိုယ်ခင်မင်ရတဲ့ သူငယ်ချင်းနဲ့ တိုင်ပင်ပါ။ တစ်ခါတလေ ကိုယ်ကိုယ်တိုင် မမြင်နိုင်၊ မသိနိုင်ဖြစ်နေတဲ့ ကိစ္စတွေကို သင့်ဘေးက လူတွေက ပိုပြီး မြင်နေနိုင်ပါတယ်။
သင့်ဝါသနာ တချို့ကို အကောင်အထည်ဖော်လိုက်ပါ
ချစ်သူနဲ့ သွားလာခဲ့ရတဲ့ အချိန်တွေကို တမ်းတပြီး လွမ်းဆွတ်နေမယ့်အစား ဓါတ်ပုံသင်တန်းတွေ၊ တခြား သင် ဝါသနာပါတဲ့ အရာတွေကို ဖြည့်စွက်ပြီး အချိန်ပေးလိုက်ပါ။ ဒါဆို ပတ်ဝန်းကျင်အသစ်မှာ မိတ်တွေ အပေါင်းအသင်း အသစ်တွေနဲ့အတူ စိတ်ခံစားမှုအသစ်ကိုလည်း ပေးစွမ်းနိုင်ပါလိမ့်မယ်။ သင့် ပတ်ဝန်းကျင်မှာ သင့်ကို အားကျပြီး သင်ကလည်း ပြန်ပြီး အားကျလေးစားရတဲ့သူတွေ အများကြီး ရှိနေတယ် ဆိုတာကို သင်တွေ့လာမှာပါ။
တကယ်လို့ သင်တို့နှစ်ယောက်ဟာ စိတ်သဘောထားချင်း မတိုက်ဆိုင်လို့ ခဏတာ ကွဲသွားကြတာမျိုး ဆိုရင်တော့ ပြန်လည်ပြီး အဆင်ပြေစေမယ့် နည်းလမ်းတွေ ရှိပါတယ်။
အလှပြင်ပါ
မိန်းကလေးပဲဖြစ်ဖြစ်၊ ယောက်ျားလေးပဲဖြစ်ဖြစ်၊ ကိုယ့်ကိုကိုယ် အမြဲတမ်း ပြင်ပြင်ဆင်ဆင်နေပါ။ အထူးသဖြင့် သင့်ချစ်သူ ကြိုက်နှစ်သက်တတ်တဲ့ အရာလေးတွေကို အမြဲဝတ်ဆင်တာမျိုး၊ ပြုပြင်ခြယ်သတာမျိုးတွေ ပြုလုပ်ပြီး သင့်ချစ်သူ ရည်းစားသိအောင် မြင်သာအောင် ဖန်တီးပါ။ ဥပမာ - ပါတီပွဲတစ်ခုကို သွားရင်း သင့်ချစ်သူ ရည်းစားဟောင်းနဲ့ ဆုံတွေ့ချိန်မှာ သူ အမှတ်တရ ပေးထားတဲ့ လက်ဆောင်ပစ္စည်းတွေကို ဝတ်ဆင်လာတာမျိုးတွေ ပြုလုပ်ပါ။ ဒါဆို သင့် ရည်းစားဟောင်းက သင် သူ့အပေါ်မှာ စိတ်ရှိနေသေးတယ်ဆိုတာ သိပြီး ပြန် အဆင်ပြေစေနိုင်ပါတယ်။
မိတ်ဆွေလို စကားဆက်ပြောပါ
လုံးဝ ခါးခါးသီးသီး မခေါ်မပြောဘဲ မနေပါနဲ့။ အမှတ်တမဲ့ဆုံတွေ့ချိန်မှာ နှုတ်ဆက်စကားပြောဆိုပါ။ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ပေါင်းသင်းဆက်ဆံရင်း ဘဝမှာ ပျော်ရွှင်စွာ ဖြတ်သန်းနေကြောင်း သိပါစေ။
သူစိမ်း ကောင်လေး/ ကောင်မလေး တွေနဲ့ စကားပြောပါ
သင့်ရည်းစားဟောင်းရှေ့မှာ သူစိမ်း ယောက်ျားလေး/ မိန်းကလေးတစ်ယောက်နဲ့ စကားပြောတာ၊ ခင်ခင်မင်မင်နေပြတာဟာ သင့်ချစ်သူဟောင်းကို သဝန်တိုမှုတွေ ပိုပြီး တိုးပွားစေပါတယ်။ မခံချင်စိတ်နဲ့အတူ စိတ်ဆိုး မာန်ဆိုး ဖြစ်နေပြီဆိုရင်တော့ သင့်ကို သူ့ဘက်က သဝန်တိုနေတာပါ။ ဒါပေမယ့် တခြားသူစိမ်းတစ်ယောက်နဲ့ ဆက်ဆံရေးဟာ သင့်ရည်းစားဟောင်း ရှေ့မှာသာ ဖြစ်ဖို့ လိုပါတယ်။ ဒါမှ သင်တို့ ပြန်အဆင်ပြေသွားချိန်မှာ ရိုးသားတဲ့ ဆက်ဆံရေးကို အကောင်းဆုံး ဖော်ပြနိုင်မှာပါ။
သိသာတဲ့ ဆက်သွယ်မှုတွေ ပြုလုပ်ပါ
Facebook လိုမျိုး Website တွေမှာ သင်နေ့စဉ် လှုပ်ရှားမှုတွေနဲ့ ပုံတွေ တင်ပြီး လှပစွာဖြတ်သန်းနေတဲ့ သင့်ဘဝကို သင့်ရည်းစားဟောင်း သိမြင်ပါစေ။ သင်တို့နှစ်ယောက်ရဲ့ အမှတ်တယနေ့တချို့မှာ စာပို့တာမျိုး၊ မတ်ဆေ့ခ်ျပို့တာလိုမျိုးတွေ ပြုလုပ်ပါ။ အရင်ကတည်းက တစ်ဦးနဲ့ တစ်ဦး ချစ်ခဲ့ပြီးသား ဖြစ်တာကြောင့် ဖြစ်နေတဲ့ အထင်လွဲမှုနဲ့ နားလည်မှုလွဲတာတွေကို ရှင်းပြဖို့နဲ့ ဖြေရှင်းဖို့ ဒီအချိန်ဟာ အကောင်းဆုံးအချိန်ပဲ ဖြစ်ပါတယ်။
ဖော်ပြပါ နည်းလမ်းတွေဟာ ချစ်သူ ရည်းစားနဲ့ အဆင်မပြေချိန်မှာ ပြုလုပ်သင့်တဲ့ နည်းလမ်းတွေနဲ့ အဆင်ပြေဖို့ ဖန်တီးနိုင်တဲ့ နည်းလမ်းတချို့ကို ရှာဖွေရေးသား ဖော်ပြခြင်း ဖြစ်ပါတယ်။ ကိုယ်နဲ့ အဆင်ပြေမယ့် နည်းလေးတွေ ရှာဖွေရင်း ချစ်သူနဲ့ အဆင်ပြေနိုင်ကြပါစေ။
                                                                                                     လမင်းလေး

 ဒီစာမူလေးကတော. သီဟလုလင် ရဲ. ဆိုဒ်မှာတင်ထားတာကို သဘောကျလို. တင်ထားတာပါ
သီဟလုလင်နဲ. လမင်းလေးကို ကျေးဇူးတင်ပါတယ်နော်....

No comments:

Post a Comment